Pages

Jan 27, 2012

ကျွန်တော်တို့ရဲ့ ကံတွေကပဲ ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ဖန်တီးတာပါ။ (ဂျက် လီ)

ဂျက် လီဟာ အာရှတိုက်မှာ လူသိအများဆုံး သိုင်း (ကိုယ်ခံပညာ) ရုပ်ရှင်မင်းသား ဖြစ်နိုင် ပါတယ်။ ဒါ့ အပြင် ဟောလိဝုဒ်မှာ ရေပန်းစားမှု ကလည်း တိုးပွားလို့ လာနေပါတယ်။ သူ့ရဲ့ ဒီ ကိုယ်ရေး အကျဉ်းချုပ်မှာတော့ ဗုဒ္ဓဘာသာ အပေါ်မှာ သူ့ရဲ့ စိတ်ဝင်စားမှုနှင့် အများအကျိုး အတွက် ဗုဒ္ဓဘာသာ တရားတော်ရဲ့ တန်ဖိုးတွေ ကို ထွန်းကားအောင် လုပ်နေတဲ့ သူ့ရဲ့တာဝန်ကို မျှဝေထားပါတယ်။


၁၉၉၇ ခုနှစ်မှာ ရုပ်ရှင်ရိုက်တာကနေ အနားယူဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။ တစ်ချက်ကတော့ ကျွန်တော် အရမ်းကို ပင်ပန်းလို့ပါ။ စဉ်းစားကြည့်ပါဦး။ ရှစ်နှစ်သား အရွယ်က စပြီးတော့ဗျာ၊ ဝူးရှူးကို တစ်နေ့ကို ရှစ်နာရီ နှုန်းနှင့် ဆယ်နှစ်ကြာ လေ့ကျင့်ခဲ့ရတယ်။ အဲဒီနောက် ရုပ်ရှင်ကားတွေ စရိုက်တာပဲ။ ပြီးတော့လဲ အားလုံးက အတူတူလိုပါပဲ။ နောက်ပြီး သတင်းထောက်တွေနှင့် စကားပြောတိုင်း ဓာတ်ပုံရိုက်ဖို့ ကိုယ်ဟန်ပြ ပေးဖို့ရာ အမြဲပဲ ချော့မော့ ပြောကြတော့တာပဲ။ ဒါပေမဲ့လဲ ထင်ပေါ်ကျော်ကြားတော့ လာ တာပေါ့လေ။ ဝင်ငွေကောင်းကောင်းရပါတယ်။ ထိခိုက်ဒဏ်ရာရမှု ကြီးကြီးမားမားတော့လဲ ရှိတာပေါ့ဗျာ။


နှစ်တွေက ကုန်လွန်ခဲ့ပါပြီ။ အရွယ်အသီးသီးဟာ သူ့နည်းသူ့ဟန်နှင့်တော့ တွေးခေါ်နိုင်စွမ်းရှိတာပါပဲ။ ဒီတော့လဲ ဟိုဟိုဒီဒီ ဆုံးဖြတ်ချက်တွေ ချမိတာပါပဲ။ ရိုးရိုးသားသားပြောရရင် ပိုကျော်ကြားအောင် ဒါမှမဟုတ် အာဏာ ပိုရှိအောင်လုပ်ရတာကို ကျွန်တော် စိတ်မဝင်စာခဲ့ဘူးဗျ။ မေမေ့အတွက်၊ ကျွန်တော့မိသားစုနှင့် ကျွန်တော့ ကလေးတွေအတွက် မျှမျှတတရှိဖို့၊ သူတို့ကို ထောက်ပံ့ပေးဖို့ လုံလောက်ပါပြီ။ ကျွန်တော် အနားယူဖို့ ဆုံးဖြတ်ချက် ချလိုက်ပါပြီ။

ဒီအချိန်မှာပေါ့ဗျာ ... လို ကုန်စန် ရင်ပိုချီ (Lho Kunsang Rinpoche) ကို တွေ့ပါတယ်။ သူက တိဗက်ဗုဒ္ဓ ဘာသာရဲ့ ဘာသာရေးဆရာတော်ကြီးပေါ့။ ဘာလို့ အနားယူတော့မှာလဲလို့ သူက ကျွန်တော့ကို မေးပါ တယ်။ “ဗုဒ္ဓတရားတော်ကို လေ့လာဖို့နှင့် ဘာသာတရား ကိုင်းရှိုင်းတဲ့ ဘဝနှင့် နေထိုင်ဖို့ပါဘုရား” လို့ လျှေက်ထားလိုက်တယ်။

“ဟင့်အင်း၊ မင်း အနားယူလို့ မရသေးပါဘူး” လို့ ရင်ပိုချီက မိန့်ပါတယ်။

အခုတော့ဗျာ ... ကျွန်တော့ရဲ့ အသက်မွေးမှုလုပ်ငန်းစဉ်မှာ ပညာသုတ ကြီးမားကြွယ်ဝတော်မူကြတဲ့ ဆရာသမားတွေကို တွေ့ထားရပါပြီ။ ပြီးတော့လဲ ကျွန်တော့ရဲ့ ကံကြမ္မာဟာ ဗုဒ္ဓဘာသာနှင့် ဆက်စပ် နေတယ်လို့ သူတို့တွေအားလုံးက မိန့်ကြတယ်ဗျ။ ရှောင်လင်ကျောင်းတော် (Shaolin Temple) ရုပ်ရှင်ကား ရိုက်နေစဉ်ကတောင်မှလေ၊ ကျွန်တော့်ရဲ့ ဇာတ်ကောင်စရိုက်အတွက် ဘာသာရေး ထုံးတမ်း ဓလေ့တွေကို ကျွန်တော်လေ့လာနေစဉ်ပေါ့ဗျာ၊ ကျောင်းကလူတွေက “ခင်ဗျား ဘုန်းကြီးလုပ်သင့်ပြီ” လို့တောင် ကျွန်တော့်ကို ပြောကြတယ်လေ။ (ဒီတော့ ဒါရိုက်တာက “ဟင့်အင်း၊ စောင့်ပါဦး၊ မလုပ်သေးပါနဲ့ဦး၊ ဇာတ်ကား ပြီးအောင်ရိုက်ဖို့ ရှိသေးတယ်လေ” လို့ ပြောရသေးတယ်)။

ဒါပေမဲ့လဲ ငါဟာ ဗုဒ္ဓဘာသာကျင့်စဉ်လမ်းကို အမှန်တကယ် ရှာဖွေရမှာပဲလို့ အချိန်ကြာမြင့်စွာကို ကျွန်တော်ကလည်း ခံစားနေခဲ့ရပါပြီ။ ကျွန်တော် ရင်ပိုချီကို လျှောက်ထားမိတယ်။ “တခြားလူတွေအားလုံးက တော့ ဘုန်းကြီးဖြစ်လာဖို့၊ သို့မဟုတ် လောကီဘောင်ကို စွန့်ခွါပြီး ပိဋကတ်ကျန်းဂန်တွေလေ့လာဖို့ တပည့် တော်ကို တိုက်တွန်းနေကြပါပြီ။ ဒါပေမဲ့ အားလုံးရဲ့အရှင် ဆရာသခင်ကတော့ “အလုပ်ဆီကို ပြန်ပါ” လို့ မိန့်နေတာပါ။”

“ဒီတစ်သက်တာမှာ မင်းရဲ့တာဝန်က မပြီးသေးဘူး” လို့ ဆရာတော်က မိန့်ပါတယ်။

ကျွန်တော်က မေးလိုက်တယ်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တပည့်တော် ရခဲ့တာတွေ၊ ပေးနိုင်စွမ်း ရှိခဲ့ပြီးတာတွေနှင့် တပည့်တော် ကျေနပ်တင်းတိမ်ပါပြီ။ တပည့်တော်ရဲ့ အသက်မွေးမှုလုပ်ငန်း၊ တပည့် တော်ရဲ့ ကျော်ကြားမှု၊ တပည့်တော်ရဲ့မိသားစုနှင့် တပည့်တော် ကျေနပ်ပါပြီ။ လုပ်ဖို့ ကြံစည်ထားတာတွေ အားလုံး ပြီးမြောက်ပြီးပါပြီဘုရား။”

“မင်းရဲ့တာဝန်ဆိုတာ တစ်ဦးတစ်ယောက်ကိုအကြွေးတင်တာမျိုး မဟုတ်ပါဘူးကွာ။ မင်းမှာ ပိုပြီးကြီးမားတဲ့ တာဝန်ကြီး ရှိနေသေးတာကို ပြောတာပါ။”

“ကောင်းပါပြီ၊ အဲဒါ ဘာလဲဆိုတာ မိန့်ပါ။ အဲဒါ ဘာလဲဆိုတာ သိရရင် ဒီတာဝန်ကိုယူဖို့ တပည့်တော် သဘော တူချင်မှတူမယ်။ ငြင်းပယ်ကောင်း ငြင်းပယ်ပါမယ်” လို့ ပြန်လျှောက်လိုက်တယ်။
“မင်းကို ထုပ်ပြောလို့ မဖြစ်ပါဘူးကွာ။ အတွေ့အကြုံကတဆင့် မင်းဖာသာမင်း သဘောပေါက်လာပါလိမ့် မယ်”လို့ သူက ဖြေတယ်လေ။

“ကောင်းပါပြီ။ ဆရာက ဒီလိုဆိုရင် အဲဒါကို တပည့်တော် ရှာဖွေပါ့မယ်” လို့ သံသယနှင့်ပဲ လျှောက်လိုက် ပါတယ်။ သူဘာတွေပြောနေတယ်ဆိုတာ ကျွန်တော် မသိဘူး။

ဒါပေမယ်လို့ တချိန်တည်းမှာလေ၊ ရုပ်ရှင်ကားတွေ ဆက်ရိုက်နေဖြစ်တယ်ဗျ။ ကျွန်တော် Lethal Weapon 4 ကို ရိုက်တယ်။ ဒိနောက်တော့ တစ်နှစ် နှစ်နှစ်လောက် ဒီတာဝန်ဆိုတာကြီးက ဘာကြီးများဖြစ်လေမလဲလို့ နားလည်လာသည်တိုင်အောင် ကြိုးစားရင်း အချိန်တွေ အများကြီးကုန်ခဲ့ပါတယ်။

အမေရိကမှာရှိနေတဲ့ ကျွန်တော့ထံ ရင်ပိုချီ အလည်လာတဲ့အချိန်မတိုင်မီ သူဆိုလိုတာကို အရိပ်အမြွက် တော့ သိရပြီလို့ ကျွန်တော် စပြီးခံစားလာရပြီ။ ကျွန်တော်လုပ်ရမည့် အရာနှင့်ပတ်သက်လို့ သဲလွန်စ အများ အပြားကို ကျွန်တော် တွေ့ထားပြီးပြီ။ အဲဒါက ရုပ်ရှင်ကားတွေရိုက်ဖို့ရာ ကျွန်တော့် စိတ်ရင်းစေတနာနှင့် ဆက်စပ် ပတ်သက်နေတယ်လေ။

ခက်ခဲပင်ပန်းလှပြီး ဒဏ်ရာရဖို့ အန္တရာယ်အမြဲရှိနေတဲ့ ဒီအသက်မွေးဝမ်းကျောင်းအလုပ်ကို ဆက်လုပ်ဖို့ ဘယ်လို အကြောင်းတရားမျိုးကများ င့ါကို လှုံ့ဆော်ပေးနေပါလိမ့်မလဲ။ ရှေ့မှာ ကျွန်တော်ပြောခဲ့တဲ့ အတိုင်းပဲ ကျွန်တော်က ငွေကိုပဲဖြစ်ဖြစ်၊ ကျော်ကြားမှုကိုပဲဖြစ်ဖြစ် ထပ်ပြီး မမက်မော မကပ်ငြိတော့တဲ့ လူမျိုးလေ။ ကျွန်တော့မိသားစုကို စောင့်ရှောက်ထောက်ပံ့ဖို့ ငွေလုံလုံလောက်လောက်ရအောင် အချိန် အကြာကြီး ကျွန် တော် ရှာခဲ့ပြီးပြီပဲဗျာ။

ပြီးတော့လဲလေ ကျွန်တော်တို့တွေ သိကြတဲ့အတိုင်းပါပဲ၊ ကျော်ကြားမှုဆိုတာဗျာ တဒင်္ဂ တစ်ခဏပါပဲ။ သမိုင်းတစ်လျှောက်မှာ ထင်ပေါ်ကျောင်ကြားတဲ့သူ ဘယ်နှစ်ယောက်များ ရှိလို့လဲဗျာ။ ဟောလိဝုဒ် တစ်နေရာတည်းမှာပဲ ရုပ်ရှင်မင်းသား ဘယ်နှစ်ယောက်ရှိလဲ။ အဲဒီထဲက ဘယ်နှစ်ယောက် မှတ်ဉာဏ်ထဲက လျော့ပါးပျောက်ကွယ်သွားပြီလဲ။

အချိန်က အရာရာတိုင်းကို တိုက်စားသွားပါတယ်။ ဆယ်ကျော်သက်တွေဟာ ပြီးခဲ့တဲ့ မျိုးဆက်က ရုပ်ရှင်သရုပ်ဆောင်တွေကိုတောင် သိကြတော့တာမှ မဟုတ်တာ။ ဂုဏ်သတင်းကြီးမှုရဲ့ သွေးဆောင် လှည့်ဖြားမှုကို ကောင်းကောင်းကြီး သဘောပေါက်ရင် ခင်များကို အဓမ္မကြီးမောင်းနှင်နေတဲ့ အဲဒီ လည့်ဖြားမှုကို မောင်းနှင်ခွင့် မပေးဘူးဆိုတာ သေချာပါတယ်။ နောက်ဆုံးမှာတော့ အဲဒီတာဝန်ကြီးကို ကျွန်တော် မနှစ်က သဘောပေါက်နားလည်လာတယ်ဗျ။ ကျွန်တော့မှာ ဗုဒ္ဓဘာသာကို အနောက်ကမ္ဘာကို ကူညီ မိတ်ဆက်ပေးဖို့ တာဝန်တစ်ရပ် ရှိတယ်လေ။ အစဉ်အလာနည်းလမ်းနှင့်လဲ မဟုတ်သလို အစဉ်အလာ ဆက်သွယ်ရေးနည်း နှင့်လဲ မဟုတ်ဘူးလေ။

ဗုဒ္ဓဘာသာမှာ အဓိကကျတဲ့ အယူအဆကြီးတွေ အများကြီး ရှိပါတယ်။ အခုလောလောဆယ်တော့ အဲဒီထဲက နှစ်ခုကိုပဲ ကျွန်တော် ပြောပါ့မယ်။ အယူအဆတစ်ခုက ကံတရားဗျ။ အဲဒီကံဆိုတာဗျာ - ခင်ဗျားရဲ့ ကံကြမ္မာကို စီမံဖန်တီးပေးတဲ့ အပြုအမူတွေ လုပ်ဆောင်ချက်တွေပေါ့။ တခြားတစ်ခုက မေတ္တာ ဒါမှမဟုတ် ကရုဏာတရားပါ။ လူတိုင်းလူတိုင်းကို မေတ္တာနှင့်ယှဉ်ပြီး ဆက်ဆံတဲ့ တရားပေါ့။

လူတိုင်းလူတိုင်းဟာလေ ဘယ်လောက်ထိ ညည်းညူနေချင်ကြတာကို ကျွန်တော် စပြီးသတိထားမိတယ်။ သူတို့တွေရဲ့ ကျန်းမာရေး၊ အလုပ်အကိုင်၊ အလုပ်ရှင်၊ ဆက်ဆံရေး၊ သူတို့တွေရဲ့ မိသားစုနှင့်ပတ်သက်ပြီး ညည်းညူချင်ကြတာပါ။ လူတွေကဗျာ သူတို့တွေရဲ့ဘဝတွေ ဘာတွေများဖြစ်နေပါလိမ့်၊ တခြားလူတွေ အားလုံးက သူတို့တွေရဲ့ဘဝကို ဘယ်လိုများ ခက်ခဲအောင်လုပ်နေပါလိမ့် ဆိုတာတွေနှင့် ပတ်သက်ပြီး တစ်ချိန်လုံး ငြီးတွားပြောဆိုနေကြတာပါ။ ဒါပေမယ်လို့လဲ ခင်ဗျားမှာ ဖြစ်လာနေတာတွေက မဝေးလှတဲ့ အတိတ်ကာလကပဲ ခင်ဗျားရဲ့ အပြုအမူတွေက ဖန်တီးထားတာတွေပါ။ အလားတူပါပဲ ဒီဘဝမှာ ခင်ဗျားလုပ်ထားတာတွေ - ခင်ဗျားရဲ့ အပြုအမူ အလုပ်အကိုင်တွေ၊ စကားတွေ၊ အမူအရာတွေ အားလုံးဟာ နောက်ဘဝမှာ ခင်ဗျားဘာဖြစ်မယ်ဆိုတာကို စီမံဖန်တီးပေးတယ်လေ။ အခု ခင်ဗျားဘဝရဲ့အဆုံးမှာ ကိုယ်ပိုင် account statement တစ်ခုကို ခင်ဗျားရေးပေးရပြီလို့ စိတ်ကူးကြည့်လိုက်စမ်းပါ။ တခြားလူတွေကိုတော့ ခင်ဗျား ဖုံးကွယ်လို့ရတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုတော့ ခင်ဗျား လိမ်လို့မရပါဘူး။ ဘယ်သူ့ကို ခင်ဗျား ညည်းညူတယ်၊ ဘယ်လုပ်ငန်း တာဝန်တွေကတော့ဖြင့် မပြီးဆုံးပဲထားခဲ့ရပြီ၊ ဘယ်ကတိစကားတွေ ပျက် ကွက်ခဲ့တယ်ဆိုတာတွေ ခင်ဗျား သိပါတယ်။

အဲဒါကိုသာ ဒီနည်းနှင့် ခင်ဗျားတွေးကြည့်လိုက်မယ်ဆိုရင် အတော်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဇာတ်ကွက် တစ်ခုတော့ ခင်ဗျား ဖန်တီးပြီးသွားပြီလို့ ပြောလို့ရသွားပြီပေါ့။ စိတ်ဝင်စားဖွယ်ရာ လှုံ့ဆော်မှုတွေ၊ ဖြေရှင်း မပြီးသေးတဲ့ ပြဿနာတွေ၊ သူ (သို့မဟုတ်) သူမ တိုက်ရိုက်ပြောဖို့ လိုအပ်မယ့် ဒါမှမဟုတ် နောက်တစ်ကြိမ် ကျရင် အစားပေးရမယ့် ဒီလိုမှ မဟုတ်သေးရင်လဲ အမှန်ဖြစ်အောင် ပြင်ရဦးမယ့် အမှားတွေ အဲဒီလိုဟာမျိုးတွေ အားလုံးနှင့် ဇာတ်ဆောင်စရိုက်တစ်ခု ဖြစ်လာနိုင်အောင်ပေါ့။ စင်စစ်တော့ ခင်ဗျားဟာ နောက်ဘဝအတွက် ဇာတ်ညွှန်း တစ်ပုဒ်ကို အမြဲမပြတ် ရေးနေပါတယ်လို့ ပြောရင် ပြောလို့ရပါတယ်။ ဒါမှမဟုတ် ခင်ဗျားရဲ့ လက်ရှိ အခြေ အနေကို ငြီးငြူတဲ့အခါ နှစ်ကြိမ်တွေးလို့ရတာပေါ့။ - ဘာလို့လဲဆိုတော့ ဒါကို ဖြစ်လာအောင်လုပ်တဲ့ အတွက် ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ ခင်ဗျားထင်သလဲ။ တစ်ချို့အခိုက်အတန့်မှာ ကပြဖို့ အချို့ ဇာတ်ကောင် စရိုက်တွေကို ဘယ်သူက စီစဉ်ခဲ့တယ်လို့ ခင်ဗျားထင်သလဲ။ ဇာတ်လမ်းထဲမှာ ကြေကွဲဖွယ်ရာ အကွေ့ အကောက်တွေ၊ နောက်ပြီး ခက်ခဲတဲ့ စိန်ခေါ်မှုတွေနှင့် အခြေအနေတွေကို ဘယ်သူက ပုံဖေါ်ခဲ့တာလဲ။ ကံတရားကပဲ ဇာတ်ညွှန်းရေးပြီး ခင်ဗျားရဲ့ကံတရားအတွက် ခင်ဗျားတစ်ယောက်ထဲမှာပဲ တာဝန်ရှိတာပါ။ လူအများကသာ ကံတရားကို ဒီလိုတွေးကြရင် ကမ္ဘာကြီးဟာ အလွန်ကိုပဲ ထူးခြားလာနိုင်ပါတယ်။ ညည်းညူတာတွေလဲ လျော့ပါးသွားမယ်။ လူတွေလည်း သူတို့ရဲ့ စိတ်နေသဘောထားကို အပြောင်းလဲကြီး ပြောင်းလဲအောင် လုပ်နိုင်လောက်ပါတယ်။ တခြားလူတွေအပေါ် ပိုကောင်းလာနိုင်ပါတယ်။ ပြီးတော့ ပိုမိုပြီး မေတ္တာတရား ရှေးရှုတဲ့နည်နှင့် စပြီးပြုမူ ဆက်ဆံလာနိုင်ပါတယ်။

ဒါက တကယ့် အပေါ်ယံလေးပါ။ ကျွန်တော် နေ့စဉ်နေ့တိုင်း အသစ်အသစ်တွေကို လေ့လာနေရဆဲပါ။ ယခုအခါမှာတော့ ရုပ်ရှင်ရိုက်ရာမှာ ကျွန်တော့ရဲ့ အဓိကရည်မှန်းချက်ပန်းတိုင်က ရုပ်ရှင်မဟုတ် ဘူးဗျ။ အဲဒီအစား ရုပ်ရှင် တီဗွီ သို့မဟုတ် အင်တာနက်ဆိုတဲ့ ကြားခံဆက်သွယ်ရေး နည်းလမ်းကိုသုံးပြီး ဗုဒ္ဓဘာသာ နှင့်ပတ်သက်လို့ ကျွန်တော့ရဲ့ နားလည်မှုတွေကို နားထောင်လို ကြားလိုကြသူတွေနှင့် မျှဝေဖို့က ကျွန်တော့ ရဲ့ မျှော်လင့်ချက်ပါ။ အနာဂတ်ကာလမှာ အရှိန်အဝါ ဒါမှမဟုတ် ငွေကြေး ပိုရမယ်ဆိုရင် ဒီတာဝန်ကို ပြီးပြတ် အောင် ကူညီဆောင်ရွက်ရာမှာ သုံးစွဲဖို့ ကြံစည်စိတ်ကူးထားပါတယ်။ ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေ၊ ရင်ပိုချီတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ နာမည်ကျော်ကြား လူသိများကြတာ မဟုတ်လေတော့ သူတို့ရဲ့ တန်ဖိုးရှိတဲ့ သင်ကြားချက်တွေကို ဘယ်သူမှ အာရုံမစိုက်မိဘူး ဖြစ်နေတယ်။ ကျွန်တော် သူတို့ရဲ့ ဉာဏ်ပညာကို ဝိုင်းပြီး ဖြန့်ဖြူးပေးချင်ပါတယ်။ သူတို့တွေရဲ့ ဒဿနနှင့် ပတ်သက်လို့ အနည်းအကျဉ်း ပြောပြပေးဖို့နှင့် လူ့ဘဝဖြစ်တည်မှုဇာတ်လမ်းမှာ မေတ္တာတရားက ဘယ်လို အရေးပါတဲ့ အခန်းက ပါဝင်ကပြနေတယ် ဆိုတာကို ပြောပြပေးဖို့ ဆက်သွယ်ရေး (media) ကို သုံးနိုင်စွမ်း ကျွန်တော့မှာ ရှိပါတယ်။ ဒါဟာ အခုအခါ ကျွန်တော်ရဲ့ အရင်းခံအကြောင်းတရားပါပဲ။ ကျွန်တော်ကိုယ်တိုင် အတွက်တော့ နောက်ထပ် ရုပ်ရှင်ကားတွေကို မရိုက်တော့ပါဘူး။ ကျွန်တော်ဟာ အနားယူလို့ မရသေးဘူးဆိုတာ အခုတော့ သဘောပေါက်လာပါပြီ။ ကမ္ဘာကြီးမှာ ပိုမိုကြီးမားတဲ့ ဉာဏ်ပညာနှင့် သဘာဝပိုကျတဲ့ အပြုအမူဖြစ်လာအောင် ဝိုင်းဝန်းပြီး လှုံ့ဆော် ပေးကောင်းပေးနိုင်တဲ့ ရုပ်ရှင် ဇာတ်ကား အနည်းငယ် မရိုက်ရသေးခင်တော့ အနားယူလို့ မရသေးပါဘူး။ လက်မှတ်ရောင်းတဲ့ နေရာက ပြန်လှည့်တာထက် အဝေးဆို အဝေးကြီးကို မျှော်ကြည့်နေပါတယ်။

ကရုဏာတရားနှင့် အကန့်အသတ်မဲ့ မေတ္တာတရားဆိုတဲ့ ဗုဒ္ဓဒဿနကို မြှင့်တင်ပေးဖို့ ကျွန်တော့ အပိုင်းကို ကျွန်တော် လုပ်ချင်တာသက်သက်ပါ။ ဒီဘဝတစ်သက်တာမှာ လူဖြစ်ရခြင်းဆိုတဲ့ အခွင့် အရေးကို အကျိုးအရှိဆုံးဖြစ်အောင် ဘယ်လိုလုပ်ရတယ်ဆိုတာ အချို့လူတွေ နားလည် လာအောင်လို့ပါ။ နည်းနည်း လေးပဲဖြစ်ဖြစ်ပေါ့။ ကျွန်တော် ကိုယ့်ပရိတ်သတ်တွေကို ဘာသာတရား ပြောင်းဖို့ ကြိုးစားနေတာ မဟုတ်ရပါဘူး။ သတင်းအချက်အလက် ကမ်းပေးရုံလေးပါ။ ဒီလိုမှမဟုတ်ရင် ကြုံကြိုက်ချင်မှ ကြုံကြိုက်မယ့် အယူအဆတွေကို လှစ်ပြ ထိတွေ့စေဖို့သက်သက်ပါ။ သတင်းစကားကို သူတို့တွေ စိတ်မဝင်စားရင် ဒါကို သတိတောင် ထားမိကောင်းမှ ထားမိမှာပါ။ နားဆင်ဖို့ အသင့်ပါပဲ ဆိုရင်တော့ သူတို့တွေ ကြားပါလိမ့်မယ်ဗျာ။


Sasana Abhiwurdhi Wardhana Society မှ April 2009 တွင် ရိုက်နှိပ်ထုပ်ဝေသည့် How to Develop Happiness in Daily Living, Features & Interviews with Buddhist Celebrities စာအုပ်မှ Jet Li ၏ “Our Actions Determine our Destiny ကို ဘာသာပြန်ဆိုပါသည်။


ဘုန်းဉာဏ်
Sitiawan, Malaysia
Thu 18/02/2010

Nov 19, 2011

အကယ်၍

VOA မြန်မာပိုင်း အစီအစဉ်က (၂၀၁၀) နိုဝင်ဘာလ (၁၆)ရက် အင်္ဂါနေ့ညမှာ ဒေါ်အောင်ဆန်း စုကြည် ဘာသာပြန်ခဲ့တဲ့ “အကယ်၍” ဆိုတဲ့ ကဗျာကို ထုတ်လွှင့်တာကို ကြားလိုက်ရပါတယ်။  ကိုကျော်အောင်လွင် စီစဉ်တင်ဆက်တဲ့ “အနုပညာ မိုးကောင်းကင် ကဏ္ဍ” မှာ ဝိုင်းတော်သူတွေက ရွတ်ဖတ် ပြထားကြတာပါ။ နားထောင်လို့ အလွန် ကောင်းပါတယ်။

ဘာအကြောင်းကြောင့်ပဲ စိတ်အား ငယ်ငယ်၊ ဘယ်လို ရည်မှန်းချက် ပန်းတိုင်ကိုပဲ ချီတက်တက်၊ ကိုယ့် အနီးအပါးက လိုက်ပါအားပေးနေတဲ့ အနီးဆုံးနှင့် အရေးအကြီးဆုံးလူလို စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေပါတယ်။ ဘာသာပြန်လက်ရာကလဲ တကယ့် မြတ်နိုးစရာ၊ စွဲလမ်းနှစ်သက်စရာ နူးညံ့ သိမ်မွေ့လှတယ်လို့ ထင်ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က Rudyard Kipling ရဲ့ If လို့ အမည်ပေးထားတဲ့ ဒီကဗျာကို  ဘာသာပြန်ခဲ့တာလို့ ဆိုပါတယ်။ “စိတ်ဓာတ်ခွန်အားကို ဖြစ်စေတဲ့ ကမ္ဘာကျော် ကဗျာတွေထဲက ထိပ်တန်းကဗျာတစ်ပုဒ် ဖြစ်ကြောင်းနှင့် ဒီကဗျာကို အခြေခံပြီးတော့ အနုပညာ တင်ဆက်မှုတွေလဲ ပုံစံမျိုးစုံ ရှိကြောင်း ” ကိုကျော်အောင်လွင်က ရှင်းပြတာကို ကြားရပါတယ်။

ကဗျာဆရာ Rudyard Kipling ကို ဗြိတိသျှ ကိုလိုနီ အိန္ဒိယနိုင်ငံ ဘုံဘေ (မွန်ဘိုင်း) မြို့မှာ ဒီဇင်ဘာ (၃၀)ရက် (၁၈၆၅) ခုမှာ မွေးဖွားပါတယ်။ Kipling ဟာ အင်္ဂလိပ်လူမျိုး တစ်ဦး ဖြစ်ပြီး ကဗျာနှင့် ဝတ္ထုတို၊ ဝတ္ထုရှည်တွေကို ရေးသားခဲ့တဲ့ နာမည်ကြီး စာရေးဆရာ၊ ကဗျာဆရာတစ်ယောက်ပါ။ သူဟာ စာပေဆိုင်ရာ နိုဘယ်ဆုကို (၁၉၀၇) ခုနှစ်မှာ လက်ခံ ရရှိခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်ဘာသာနှင့် ရေးတဲ့ နိုဘယ်လ်ဆုရ စာရေးဆရာတွေထဲမှာ သူဟာ ပထမဆုံးဖြစ်ပြီး ဒီနေ့အထိ အသက် အငယ်ဆုံး စာပေနိုဘယ်လ်ဆုရှင်လဲ ဖြစ်ပါသတဲ့။

သူရေးခဲ့တဲ့ နာမည်ကြီး စာပေလက်ရာတွေကတော့ The Jungle Book (1894)၊ Kim (1901) The Man Who Would Be King (1888) အပါအဝင် ဝတ္ထုတိုများစွာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နန်းမြို့တော် ဖြစ်ခဲ့တဲ့ မန္တလေးမြို့တော် အကြောင်း ရေးဖွဲ့ထားတဲ့ Mandalay ဆိုတဲ့ ကဗျာ (1890)ကလဲ သူရဲ့ နာမည်ကြီး ကဗျာတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

 ဗွီအိုအေ သတင်းတင်ဆက်သူတွေ ရွတ်ဖတ်ပြတဲ့ “အကယ်၍” ဆိုတဲ့ ကဗျာကို စာလုံးများအဖြစ် ပြောင်းလဲပြီး ဘလော့ဂ် စာဖတ်ပရိတ်သတ်ကို မျှဝေလိုက်ပါ။တယ် အမှန်ကို ပြောရရင် ဒီကဗျာ မြန်မာပြန်ကို စာရေးသူ မတွေ့ဖူး မဖတ်ဖူးပါဘူး။ ဒါကြောင့် စာပိုဒ်တွေကို အင်တာနက်ပေါ်မှာ တွေ့ရတဲ့ အင်္ဂလိပ်လိဘာသာ ကဗျာကို ကြည့်ပြီး   ခွဲထားပါတယ်။ အင်္ဂလိပ်လို ကဗျာကိုလဲ  မျှဝေပေးလိုက်ပါတယ်။

ဘလောဂ်ပုံစံကြောင့် တစ်ကြောင်းထဲပြီးရမဲ့ စာတွေက နှစ်ကြောင်းဖြစ်၊ နှစ်ကြောင်းပိုဒ်တွေက သုံးကြောင်းဖြစ်နေတာတွေကိုလဲ နားလည်ခွင့်လွှတ်ပေးနိုင် မယ်လို့ မျှော်လင့်ပါတယ်။ သတ်ပုံ၊ အဖြတ်အတောက်စတဲ့ မှားယွင်းမှု တစ်စုံတစ်ရာ ရှိခဲ့ရင် သို့မဟုတ် ဘာသာပြန်သူရဲ့ မူလစာအထားအသိုနှင့် ကွဲလွဲနေခဲ့ရင် တင်ပြသူ ဘုန်းဉာဏ်ရဲ့ တာဝန်သာ ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။ 

အကယ်၍
အကယ်၍ မင်းအသိုင်းအဝိုင်း တုန်လှုပ်ချေက်ချားပြီး ဒါတွေဟာ မင့်ကြောင့်လို့ ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ မင်းဟာ တည်ငြိမ်စွာနှင့် ရင်ဆိုင်နိုင်မယ်ဆိုရင်၊
အကယ်၍ အားလုံးက မင်းကို မယုံသင်္ကာ ဖြစ်လာတဲ့အခါ သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနှင့် မင်းကိုမင်း ယုံကြည်မှု အပြည့် ရှိမယ်ဆိုရင်၊
အကယ်၍ စောင့်သင့်တဲ့ အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လဲ မမောမပန်း နေနိုင်မယ် ဆိုရင်
ဒါမှမဟုတ် မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကား ကြားရတဲ့အခါ
မင်းကလဲ အလိမ်အညာတွေနှင့် မတုန့်ပြန်ဘူး ဆိုရင်၊
ဒါမှမဟုတ် မင်းကို လူတကာက ဝိုင်းဝန်း မုန်းတီးတဲ့ အခါ
မင်းကလဲ အမုန်းတွေ ပြန်မပွားဘူး ဆိုရင်၊

အကယ်၍ စိတ်ကူးယဉ် အိက်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေပဲ စိတ်ကူးနိုင်မယ် ဆိုရင်၊
ပြီးတော့ အတွေးအခေါ် စိတ်ကူးတွေဟာ မျှော်မှန်းချက် သက်သက်သာ မဖြစ်စေပဲ
တွေးခေါ်နိုင်မယ် ဆိုရင်၊
အကယ်၍ အောင်မြင်မှု သုခနှင့် ဆုံးရှုံးမှု ဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့ ခံယူနိုင်မယ်ဆိုရင်၊
အကယ်၍ မင်းရဲ့ အမှန်စကားတွေကို လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး မုသားအဖြစ် ထောင်ချောက်ဆင်ပစ်တဲ့အခါ မင်းဟာ တည်ငြိမ်စွာနှင့် နာကြားနိုင်မယ် ဆိုရင်
အကယ်၍ မင်းဘဝ တစ်ခုလုံး ပေးပြီး အရိပ်တကြည့်ကြည့်နှင့် ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံ လိုက်ရပြီးတဲ့နောက် အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ အရာရာနှင့် ပြန်လည် တည်ဆောက်နိုင်မယ် ဆိုရင်၊

အကယ်၍ မင်းနိုင်ခဲ့သမျှတွေ အားလုံး
ကြွေတစ်လှည့် ကြက်တစ်ခုန် ပမာ တစ်လှည့်တစ်ခါတည်းနှင့် ဆုံးရှုံးသွားခဲ့ရင်
ပြီးတော့ အစကနေ ပြန်စနိုင်မယ်ဆိုရင်
ပြီးတော့တစ်ခါ ဆိုးလှတဲ့ ကံကြမ္မာရယ်လို့ ဘယ်သောအခါမှ ငြီးငြူမနေဘူး ဆိုရင်၊
အကယ်၍ သူများတကာတွေ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ မင်း အလှည့် ရောက်လာတဲ့အခါ မင်းတစ်ယောက်တည်း နှင့်ပဲ အားနှင့် မန်နှင့် ဇွဲသတ္တိရှိရှိ ဆက် ကြိုးစားနိုင်မယ် ဆိုရင်
အဲဒီလိုပဲ မင်းမှာ စိတ်အင်အားက လွဲလို့ ဘာဆို ဘာမှ မရှိတော့တဲ့အခါ
အဲဒီ စိတ်အင်အားကို ခိုင်မာစွာနှင့်ပဲ လက်ဆုပ်လက်ကိုင် ထားနိုင်မယ် ဆိုရင်၊

အကယ်၍ လူတွေနှင့် ထိတွေ့ဆက်ဆံ ပြောဆိုတဲ့ အခါ
ကိုယ်ကျင့် သိက္ခာကို စောင့်ထိန်းနိုင်မယ် ဆိုရင်၊
ဒါမှမဟုတ် မင်းဧကရာဇ်တွေနှင့် အတူ လမ်းလျောက်နေရပေမဲ့ မာန် မာန သွေး မကြွဘူး ဆိုရင်၊
အကယ်၍ ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ မင်းကို နာကြည်းအောင် မလုပ်နိုင်စေရင်၊
အကယ်၍ လူတိုင်းကို တန်းဘိုးထား လေးစားပေမဲ့ စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်
အကယ်၍ တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ် အတွင်းမှာ
အဓိပ္ပါယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ် အသုံးချနိုင်မယ်ဆိုရင်
ငါ့သားရေ ... မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်း စွမ်းနိုင်ပြီပေါ့။ အဲဒီတော့ မင်းဟာလဲ ယောက်ျားကောင်း တစ်ယောက်ပဲပေါ့။

အင်္ဂလိပ်လို ဖတ်လူသူတွေ သို့မဟုတ် ယှဉ်တွဲဖတ်လိုသူများ အတွက်လည်း မူရင်း အင်္ဂလိပ် ကဗျာကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။


If
If you can keep your head when all about you
Are losing theirs and blaming it on you;
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or, being lied about, don't deal in lies,
Or, being hated, don't give way to hating,
And yet don't look too good, nor talk too wise;

If you can dream - and not make dreams your master;
If you can think - and not make thoughts your aim;
If you can meet with triumph and disaster
And treat those two imposters just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to broken,
And stoop and build 'em up with wornout tools;

If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breath a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on";

If you can talk with crowds and keep your virtue,
Or walk with kings - nor lose the common touch;
If neither foes nor loving friends can hurt you;
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds' worth of distance run -
Yours is the Earth and everything that's in it,
And - which is more - you'll be a Man my son!

 
ရည်ညွှန်း။
၁။ ဗွီအိုအေ မြန်မာပိုင်း၊ အနုပညာ မိုးကောင်းကင် အစီအစဉ် (၁၆၊ ၁၁၊ ၂၀၁၀) ညပိုင်း အစီအစဉ်။

၂။ http://en.wikipedia.org/wiki/Rudyard_Kipling
၃။ http://www.everypoet.com/archive/poetry/Rudyard_Kipling/kipling_if.htm
၎။ http://www.kipling.org.uk/poems_if.htm

မှတ်ချက်
၂၀၊ ၁၁၊ ၂၀၁၀ နေ့က ရေးတင်ခဲ့တဲ့ ပို့စ် အဟောင်းကို ပြန်တင်လိုက်ပါ။ ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။

ဘုန်းဉာဏ်

Oct 30, 2011

မုသာဝါဒနှင့် ပတ်သက်တဲ့ တွေးမိတာလေး အချို့


မတ်လ (၁၈) ရက် (၂၀၁၀) နေ့က လွှင့်တင်ခဲ့တဲ့ BBC Learning English သင်္ခန်းစာ၊ 6 Minute English အစီအစဉ်ထဲက lying ဆိုတဲ့ သင်္ခန်းစာလေး ဖတ်မိတော့ မုသာဝါဒ (လိမ်ပြောမှု)နှင့် ပတ်သက်ပြီး တွေးမိတာလေးတွေ ရှိပါတယ်။ အဲဒီထဲက အချို့ကို “မုသာဝါဒနှင် ပတ်သက်တဲ့ တွေးမိတာလေး အချို့” လို့ ခေါင်းစီးတပ်ပြီး ဒီပို့စ်မှာ ပြောကြည့်ချင်ပါတယ်။ 

လိမ်လည်ပြောဆိုခြင်း (မုသာဝါဒ) မှ ရှောင်ကြဉ်ခြင်းဆိုတာ ဗုဒ္ဓဘာသာမှာတော့ အခြေခံ ကျင့်ဝတ် ငါးခုထဲက တစ်ခုပေါ့။ ဒီငါးခုကို ပုဆိုးကို မြဲအောင် ဝတ်ထားသလို အမြဲပဲ လိုက်နာ ကျင့်သုံးရမယ်လို့ ဆိုပါတယ်။ ရှေးသုံးနှင့်တော့ “ခါးဝတ် ပုဆိုး” ကဲ့သို့ မြဲရမယ်တဲ့။ ခုတော့ ဘောင်းဘီ၊ ဂါဝန်ကို မြဲအောင် ဝတ်ထားသလို မြဲမြဲ ကျင့်သုံးရမယ် လို့ ပြောရမလားပါပဲ။

ဆိုလိုချင်တာက ဒီလိုပါ။ အင်္ဂါကြီးငယ်ကို လုံလုံခြုံခြုံ ဖြစ်အောင် ပုဆိုး၊ ဘောင်ဘီ၊ ဂါဝန်စတဲ့  ဝတ်ရမည့် အဝတ်ကို လုံခြုံအောင် မဝတ်ရင်  ဒါမှ မဟုတ် မြဲမြဲဝတ်မထားလို့ ကျွတ်သွား ကျသွားရင် မမြင်သင့် မမြင်ထိုက်တဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ပေါ်နေပါလိမ့်မယ်။ ပေါ်နေရင် ကြည့်လို့ မြင်လို့ မကောင်းသလို ကာယကံရှင်မှာလဲ အတော်ပဲ ရှက်ဖွယ်ဖြစ်ပါတယ်။ ဒီလိုပါပဲ၊ ငါးပါးသီလ မလုံရင် မမြဲရင် ကိုယ်ကျင့်အဝတ် ကျွတ်ကျလို့ အင်္ဂါကြီးငယ် ပေါ်သလို ရှက်ဖွယ်ရာပါ။

အဲဒီမုသားစကားဆိုတာ ပြောလိုက်တဲ့ မုသားရဲ့ အတိမ် အနက်၊ ပြောသူရဲ့ ရည်ရွယ်ချက်၊ အပြောခံရသူရဲ့ အကျိုး ဘယ်လောက်ထိ ပျက်ပြား ဆုတ်ယုတ်သွားသလဲ စတဲ့ အချက်အပေါ်မှာ မူတည်ပြီး ကံမြောက် မမြောက်၊ ကံ ကြီး မကြီး ဆိုတာ ဖြစ်ပါတယ်။

လိမ်လည်တာတို့၊ လှည့်ဖျားတာတို့ ဆိုတဲ့ စကားလုံးတွေရဲ့ အတိမ် အနက်၊ အသုံး အနှုန်းတွေကို လေ့လာ ကြည့်ရရင် စိတ်ဝင်စားစရာ ကောင်းမှာပဲလို့ တွေးမိပါတယ်။ လှည့်ဖြားတာ ကိုတော့ 'deception' လို့ ခေါ်တယ်ထင်တယ်။ အဲဒါကို misleading, dishonest, untruthful လို့ ရှင်းပြထားတာကို BBC အင်္ဂလိပ်စာ သင်ခန်းစာမှာ တွေ့ရဖူးပါတယ်။ 

အခုတော့ လှည့်ဖြားတယ် ဆိုတာ တကယ့် တွေ့နေ မြင်နေကြ လူသားရဲ့ အပြုအမူ တစ်ရပ် (a very common human activity) ဖြစ်နေပါတယ်။ အချို့ကတော့ ရှောင်လို့မရတဲ့ လူသားရဲ့ သဘောသဘာဝ အစိတ်အပိုင်း တစ်ခုလို့တောင် ဆိုကြပြန်ပါတယ်။ မြန်မာမှာ “မုသားမပါ လင်္ကာ မချော” လို့ ဆိုတာ ဒါကိုများ ဆိုလိုလေသလားပါပဲ။

နောက်မုသား တစ်မျိုးကတော့ အဖြူရောင်မုသား (a white lie) တဲ့။ အဲဒါက လူတစ်ယောက် ခံစားမှု ကောင်းအောင်၊ သက်သာအောင် ပြောတဲ့ မုသားပါ။ ဝိတ်ကျချင်နေတဲ့သူကို တကယ် မကျပဲနဲ့ ဝိတ်နည်း နည်း ကျသွားပြီ၊ အသားဖြူချင်လို့ ခရင်မ်မျိုးစုံ ဝယ်လိမ်းနေသူကို မဖြူပဲ အသားဖြူလာတယ် ဆိုတာမျိုးတွေပေါ့။ ဒီတော့ 'အဖြူရောင် မုသား' ဆိုတာ မြှောက်ပင့်ခြင်း တစ်မျိုး (a form of flattery) လို့ အဓိပ္ပါယ် ရသွားပြန်ရော့လေ။

ဆိုးတာကတော့ တမင်လိမ်တာ၊ အကြံအစည် ရှိရှိ လိမ်တာ (a motivated lie)၊ ကလိမ်စေ့ ငြမ်းဆင်တဲ့ လိမ်လည်မှုမျိုးပါ။ လောကကြီးက အတော်တော့ ထူးဆန်းပါဘိ။ လူတစ်ယောက် လိမ်၊ မလိမ်ဆိုတာ a lie detector သို့မဟုတ် Polygraph machine လို့ ခေါ်တဲ့ မုသားဖော်စက်နှင့် ဖော်ထုပ်ကြည့်လို့ ရတယ်ဆိုပဲ။ 

ဖော်ထုပ်ပုံက မေးခွန်းအချို့ကို သင်က ဖြေဆိုနေစဉ် သင့်ကိုယ်ခန္ဓာရဲ့ တုန့်ပြန်မှုကို တိုင်းတာတာ၊ သင့်ခန္ဓာကိုယ် ဘယ်လိုပြောင်းလဲသလဲ ဆိုတာကို ကြည့်တာတဲ့လေ။ ဒီအပြောင်းအလဲထဲမှာ အသက်ရှူပုံ တွေ (breathing patterns)၊ နှလုံးခုန်တာ၊ ချွေးတွေပိုထွက်လာတာစတဲ့ ပြောင်းလဲမှုတွေပါတာပေါ့တဲ့။  ဘုန်းကြီးကျောင်းထဲမှာပဲ ကြီးခဲ့ရ နေခဲ့ရတဲ့ ဘုန်းဥာဏ်တော့ အသိ လိုက်မမှီတော့ပါဘူး။ ရွာက ဟို လူကြီးတို့အုပ်စုကို အဲဒီစက်နှင့် စစ်ကြည့်ရရင်တော့ “အင်း ... စက် ဘယ်လိုနေပါ့၊ တုန်ခါလွန်းပြီး ပြုတ် ပြတ်ထွက်ကုန်မလား စသည်ဖြင့် တွေးမိပါရဲ့။ 

ဒါပေမဲ့လဲ ဒီစက်က အကုန်တော့ ဖော်ထုပ်နိုင်မယ် မထင်ပါဘူး။ သူက စက်လေ။ လူမှ မဟုတ်တာ။ လူပြုရင် သူ နုရတော့မှာပေါ့ လို့ တွေးမိပြန်တယ်။ George W. Maschke ဆိုတဲ့သူက လိမ်ညာမှုကို ဒီစက်နှင့် ဖော်ထုပ်တာဟာ သိပ္ပံနည်းကျ အခြေအမြစ် မရှိဘူး။ ဒါဟာ သိပ္ပံနည်းကျ စမ်းသပ်ပြီး အကြောင်းပြလို့ ရတဲ့ အယူအဆ မဟုတ်ပါဘူး (It's a complete junk science) ဆိုပြီး ပယ်တာကို ဖတ်ရပါတယ်။

အဲဒါတွေ တွေးမိတော့ မုသားနှင့် ပတ်သက်တဲ့ ဘုရား တရားတော်ကို သတိယမိပြန်ပါတယ်။ ပထမတစ်ခုက ရဟန်းဖြစ်တာ မကြာသေးတဲ့ သားတော် ရာဟုလာကို ဆုံးမတော်မူတဲ့သုတ်တော်မှာ ပါတာပါ။  တစ်ညနေခင်းမှာ ဘုရားရှင်ဟာ ရှင်ရာဟုလာထံ ကြွလာတော်မူပါတယ်။

ကြွလာပြီး ခပ်ထားတဲ့ ရေအိုးမှာ ရေနဲနဲပဲ ချန်ပြီး ခြေတော်တို့ကို ဆေးတော်မူပါတယ်။ ရှင်လာဟုလာကို ခြေဆေးရေအိုးမှာ ချန်ထားတဲ့ ရေနဲနဲကို မြင်သလားလို့ မေးတော်မူပါတယ်။ “မြင်ပါတယ်ဘုရား” လို့ လျှောက်တော့ “ရာဟုလာ၊ (မုသားမှန်း) သိလျက်နှင့် မုသားပြောရမှာ မရှက်တဲ့သူ (ရဟန်း)မှာ ရဟန်း တရား (spiritual achievement, lit. recluseship) နည်းနည်းလေးပဲ ရှိတော့တယ်” လို့ မိန့်တော်မူ ပါတယ်။ 

နောက်တော့ ဘုရှားရှင်က အဲဒီ ရေနည်းနည်းလေးကို သွန်ပစ်လိုက်ပြီး “ရာဟုလာ၊ ရေနည်းနည်းကို သွန်ပစ်လိုက်တာ မြင်ပါသလား” လို့ မေးတော်မူပါတယ်။ “မြင်ပါတယ် ဘုရား” လို့ လျှောက်တော့ ”(မုသားမှန်း) သိလျက်နှင့် မုသားပြောရမှာ မရှက်တဲ့သူဟာ ရဟန်းတရားကို စွန့်ပစ်လိုက်တော့တာပဲ” လို့ မိန့်တော်မူပါတယ်။

အဲဒီနောက် ဘုရားရှင်ဟာ ခြေဆေးရေအိုးကို မှောက်ပြီး “ရာဟုလာ၊ ရေအိုး မှောက်ထားတာကို မြင်ပါသလား” လို့ မေးတော်မူကာ၊ ရှင်ရာဟုလာကလဲ “မြင်ပါတယ် ဘုရား” လို့ လျှေက်ထားပြန်တော့ ဘုရားရှင်က “(မုသားမှန်း) သိလျက်နှင့် မုသားပြောရမှာ မရှက်တဲ့သူဟာ ရဟန်းတရားကို မှောက်ပစ်ထားလိုက်တော့တာပဲ” လို့ မိန့်ပြန်ပါတယ်။ 

နောက်တစ်ခါ မြတ်စွာဘုရားရှင်ဟာ ခြေဆေးရေအိုးကို လှန်တော်မူပြီး “ရာဟုလာ၊ ဒီရေအိုးမှာ ဘာမှ မရှိတော့တာကို မြင်ရဲ့လား” လို့ မေးတော်မူပြန်ပါတယ်။ ရှင်ရာဟုလာလေးက “မြင်ပါတယ် ဘုရား”လို့ လျှေက်လိုက်ပါတယ်။ ဒီတော့ “ဒီလိုပဲ ရဟုလာ။ (မုသားမှန်း) သိလျက်နှင့် မုသားပြောရမှာ မရှက်တဲ့သူမှာ ရဟန်းတရား ဘာမျှ မကျန်တော့ဘူး” လို့ မိန့်တော်မူပါတယ်။ 

အဲဒီနောက်တော့ တိုက်ပွဲဝင် မင်းစီးဆင် ဥပမာ (ဒီမှာတော့ မရေးတော့ဘူး) နှင့် ရှင်းပြကာ “(မုသားမှန်း) သိလျက်နှင့် မုသားပြောရမှာ မရှက်တဲ့သူ မလုပ်ဝံ့တာ ဘာမျှ မရှိတော့ဘူး။ ဒါကြောင့်မို့ ရည်ရွင်လို လို့တောင် မုသားစကားကို မပြောဘူး” လို့ ကျင့်ရမယ်လို့ ဗုဒ္ဓက ဟောကြားဆုံးမတော် မူပါတယ်။

နောက်တစ်ခုက ဣတိဝုတ္တက ပါဠိတော်မှာ ဟောထားတဲ့ “ရဟန်းတို့၊ တမင်တကာ (ရည်ရွယ်ချက်ရှိရှိ) လိမ်ပြောတဲ့သူဟာ ဘာကြီးပဲ ဖြစ်နေနေ၊ သူမလုပ်ရဲတဲ့ မကောင်းမှုဆိုတာ မရှိတော့ဘူး လို့ ငါဘုရား ဟောကြားတော်မူတယ်” ဆိုတာကို သတိယမိပါတယ်။

စာဖတ်သူကတော့ ဘယ်လို တွေးမယ်မသိ။ စာရေးသူကတော့ “သြော် တရားတော်ကတော့ မှန်လိုက်တာပါလား” လို့ ကိုယ့်ကိုယ်ကို ပြောမိပါရဲ့။ လူလိမ်လေးဆိုရင်တော့ မသိ၊ မပြောလို။ ရာဇဝင်တွင်တဲ့ လူလိမ်ကြီးတွေ ဆိုရင် သိပ်မှန်တယ်။ သူတို့က သူတို့လိမ်တာ ပြောမိလို့ပဲ ဖြစ်ဖြစ်၊  ဒီလောက်ကြီး ဖြစ်နေတာ မကောင်းပါ ဘူးလို့ ပြောရင်ပဲ ဖြစ်ဖြစ်၊ သူတို့မှာ ဓားရှိရင် ဓားနှင့် ခုတ်လိမ့်မယ်။  ဒုတ်ရှိရင် ဒုတ်နှင့် ရိုက်လိမ့်မယ်။ သေနတ်ရှိရင် သေနတ်နှင့် ပစ်လိမ့်မယ်။ သူတို့မှာ မကောင်းမှုလုပ်ရမှာ ရှက်တတ် တဲ့ ဟိရီ၊ ကြောက်တတ်တဲ့ သြတ္တပ္ပတရားဆိုတာ နတ္တိ။ တရားတာ၊ မတရားတာမရှိ၊ ကောင်းတာ မကောင်းတာ မသိ။ သူတို့ မလုပ်ရဲတာ ဘာမျှမရှိတော့တာ ယနေ့ မြင်ခဲ့ကြရ၊ မြင်ကြရဆဲ မဟုတ်လား။

ရာဇဝင်တွင်အောင် လိမ်တတ်တဲ့သူတွေ အတွက်တော့ နေစရာမရှိ၊ စားစရာမရှိအောင် ဒုက္ခရောက်နေတဲ့ သူတွေ သန်းနှင့်ချီ တွေ့ရလဲ အေးရာအေးကြောင်းဆိုပြီး ပစ်ထားရဲတယ်။ သူများကူညီထောက်ပံ့တာကိုလဲ ခေါင်းပုံဖြတ် စားရဲတယ်။ ကိုယ်ကျိုး ကိုယ့်အတ္တ အတွက် အများသူငါကို ဘဝပျက်သည်ထိ မတရား နှောင့်ယှက်တတ်တယ်။ ပြီးရင် သူတို့ဟာ မေတ္တာ၊ ကရုဏာကြီးကြောင်း ပြချင် ပြောချင်လိုက်တာလဲ လွန်ပါရော စသည်ဖြင့် တွေးနေမိပါတယ်။ တကယ့် မေတ္တာ၊ ကရုဏာတရားကို နည်းနည်းလေးပဲ ဖြစ်ပါစေ၊ ဒီလိုလူတွေရင်မှာ ပေါက်ဖွားလာုကရင်တော့ လောကကြီး အတော်ပဲ ငြိမ်းချမ်းလာမှာပါ။

တစ်ချို့ အဖြူရောင် မုသားစစ်စစ်ဆိုရင်တော့ ရည်ရွယ်ချက် (စေတနာ) ကိုက သူ့အကျိုး ပျက်စီးစေလိုတာ မဟုတ်တဲ့ အတွက် မုသာဝါဒ ကံမြောက်ကောင်းမှ မြောက်ပါမယ်။ 

ဆင်ခြေပေးတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို လိမ်တာ (ယန်း ပေါလ် ဆားတ် ပြောတဲ့ Bad faith) ပဲ ဖြစ်ဖြစ်၊ ရှောင်လို့ မရလို့ အဖြူရောင် မုသားကိုပဲသုံးသုံး၊ အနီရောင် အပြာရောင် အဝါရောင် မုသားကိုပဲသုံးသုံး၊ ဘာပဲသုံးသုံးပါ။ လိမ်တာကတော့ လိမ်တာပါပဲ။ လုပ်သင့်တာ တစ်ခုက ကိုယ်ချင်းစာကြည့်ဖို့ပါပဲ။ ကိုယ့်ကို သူ ဒီလို ပြောဆို၊ ပြုမူရင် ကိုယ် ကြိုက်မလားလို့ ကိုယ်ချင်းစာကြည့်ပါ။ ကိုယ်မကြိုက်ဘူး ဆိုရင်တော့ သူလဲ မကြိုက်လောက်ပေဘူးပေါ့။ ဒါဆို ရှောင်သင့်တယ်လို့ ဆိုချင်ပါတယ်။
 
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

ဘုန်းဥာဏ်
Mumbai, India
25/ 09/ 2010

ရည်ညွှန်း။ ။ 
1. Horner I. B (tr.) "Middle Length Sayings" vol. II, Motilal Banarsidass Publishers, pp. 87-8. 
2. Ireland, John D (tr.), Itivuttaka, BPS, Kandy, pp. 167 -8.
3. http://www.bbc.co.uk/worldservice/learningenglish/general/sixminute/2010/03/100318_6min_lying_page.shtml

(၂၀၁၀ ခု စက်တင်ဘာ ၂၅ ရက်နေ့က တင်ခဲ့တဲ့ ပို့စ် အဟောင်းကို ပြန်တင်လိုက်ပါတယ်။ ထူးခြားမှု ရှိလို့ ပြန်တင်တာတော့ မဟုတ်ပါဘူး။ အခြားဆောင်းပါးတွေလိုပါပဲ။

အားပေးဖတ်ရှူသူတွေကို ကျေးဇူးတင်ပါတယ်။)

Oct 10, 2011

သီတင်းကျွတ်ပွဲတော်နှင့် ကောင်းမြတ်တဲ့ အစဉ်အလာ

(ယခုနှစ် သီတင်းကျွတ် ပွဲတော် အတွက် စာ အသစ် မရေးဖြစ်လို့ မနှစ်က ရေးပြီး တင်ခဲ့တဲ့ ပို့စ်ကိုပဲ ပြုပြင်ခြင်း မပြုပဲ ပြန်လည် တင်လိုက်လိုက်ခြင်း ဖြစ်ပါကြောင်း  ကြိုတင် အသိပေးအပ်ပါသည်။)

ဆယ့်နှစ်လရာသီ တစ်ခုလုံးကို ပွဲတော် အသီးသီးနှင့် တန်းဆာ ဆင်ထားတဲ့ မြန်မာတို့ ရိုးရာလေးက ချစ်စရာ၊ မြတ်နိုး စရာလေးပါ။ သေချာ စဉ်းစားကြည့်ရင် အဲဒီထဲမှာ ချစ်မြတ်နိုးစရာ အကောင်းဆုံးက သီတင်းကျွတ်လ မီးထွန်းပွဲ လို့ ထင်မိတယ်။


“သီတင်းကျွတ်လ ဆီးမီးထွန်းပွဲ” ဆိုတာလေးကို ကလေးငယ် ဘဝကတည်းက သိကြ၊ နှုတ်ကျိုး နေကြပါတယ်။ “သီတင်းကျွတ်လ မီးထွန်းပွဲ” ဆိုတဲ့ အတိုင်းပဲ ဒီပွဲတော်မှာ မီးတွေ ထူးထူး ခြားခြား လှလှပပ မွမ်းမံ ပြင်ဆင်ပြီး သုံးရက်ကြာ ထွန်းကြပါတယ်။ လပြည့်နေ့ အကြိုည၊ လပြည့်ညနှင့် လပြည့်ကျော် တစ်ရက် ညတွေမှာပေါ့။ 

အိမ်တွေမှာဆို ဘုရာစင်ကို စိတ်ကြိုက် တန်းဆာဆင်ကာ ထွန်းညှိတတ်ကြတယ်။ အိမ် ဝရံတာ စတဲ့ နေရာမျိုးတွေမှာလဲ မီးဆိုင်း၊ မီးပုံး ရောင်စုံလေးတွေကို ချိတ်ဆွဲ ထွန်းကြတယ်။ ဒါတင် မကသေးဘူး။ စေတီ ပုထိုးတွေ၊ လမ်းတွေနှင့် ဘာသာရေး အဆောက်အဦတွေ၊ ရွေးချယ် သတ်မှတ်ထားတဲ့ နေရာတွေမှာလဲ အရောင် အသွေးစုံ မီးလုံး လှလှလေးတွေ ဝေနေအောင် တပ်ဆင် ချိတ်ဆွဲကြကာ ထွန်းညှိကြပြန်တယ်။ ဒါကြောင့်လဲ မီးထွန်းထားတာတွေကို မိသားစုလိုက် လိုက်ကြည့်ကြတယ်။ လှပတဲ့ မီးရောင်အောက်မှာ အလွန်တရာ သပ္ပါယ်လှတဲ့ ဘုရား စေတီတွေကိုလဲ မိသားစုလိုက် လိုက်လံ ဖူးကြတယ်။ အဲဒီလို ဘုရားဖူးရ၊ လှည့်ပတ် ကြည့်ရှုရတာတွေကိုက စိတ်ကို ရွှင်လန်း အေးမြ အပျော်တွေ ရစေတာပါ။

တကယ်တော့ မီးထွန်းတာဟာ အလှအပ သက်သက်အတွက် ထွန်းတာ မဟုတ်ပါဘူး။ မီးထွန်းပွဲမှာ လေးနက်တဲ့ အဓိပ္ပါယ်တွေ ပါဝင်ပါတယ်။

မယ်တော် ဖြစ်ခဲ့ဖူးတဲ့ သန္တုဿိတ နတ်သား အမှုးရှိတဲ့ နတ် ဗြဟ္မာ အပေါင်းကို ဝါတွင်း သုံးလပတ်လုံး အဘိဓမ္မာတရား ဟောကြားရာက ပြန်ကြွလာတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကို လူတွေက ဆီးမီးတွေ၊ အမွေးတိုင်တွေ ထွန်းညှိ ပူဇော်ပြီး ကြိုဆိုခဲ့ကြတယ်တဲ့။ အဲဒါကို အတုယူ အစဉ်လိုက်ပြီး အထိမ်းအမှတ် အနေနဲ့ မီးတွေကို လှလှ ပပ ပြင်ဆင်ကြပြီး ဘုရားရှင်ကို ရည်မှန်း ပူဇော်ကြရာက မီးထွန်းပွဲတော် ဆိုတာ ဖြစ်လာခဲ့ဟန် တူပါတယ်။

နောက်တစ်ခုကတော့ ဘုရားရှင်က မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုဿိတ နတ်သားကို အဘိဓမ္မာတရား ဟောကြားတော်မူပြီး ကျေးဇူးဆပ်တယ် ဆိုတဲ့ အစဉ်အလာပါ။ ပဋိသန္ဓေတည်နေပြီလို့ သိသည့် အချိန်မှသည် လူတစ်လုံး သူတစ်လုံး ဖြစ်လာသည်အထိ စောက်ရှောက် ကျွေးမွေးလာတဲ့ မိဘတွေဟာ သားသမီးတွေ အတွက် တုနှိုင်းမမီတဲ့ အနန္တကျေးဇူးရှင်တွေပါ။ အဲဒီ ကျေးဇူးတွေကို သားသမီးတွေ အနေနှင့် မိဘတွေ လိုအပ်တဲ့ အချိန်မှာ ပြန်လည် ပေးဆပ်ဖို့ လိုတယ်လေ။ မဆပ်နိုင်သည့်တိုင်အောင် သိနေဖို့၊ အစဉ်သတိယနေဖို့တော့ လိုအပ်တယ် မဟုတ်လား။ ဒါကြောင့် ဒီပွဲတော်ဟာ မိဘတွေရဲ့ ကျေးဇူးတရားတွေကို သိရှိ အောက်မေ့စေတဲ့ပွဲ၊ ကျေးဇူးဆပ်တဲ့ပွဲ ဆိုလည်း မမှားဘူးပေါ့။

ဒါကြောင့်မို့ သီတင်းကျွတ် ကာလမှာ ဖေဖေ မေမေ၊ ဖိုးဖိုး၊ ဖွားဖွား၊ ဦးဦး ဒေါ်ဒေါ် စတဲ့ မိဘ ဆွေမျိုးတွေကို တင့်တယ် လှပတဲ့ လက်ဆောင် ပစ္စည်းတွေနဲ့ လှည့်လည် ကန်တော့ကြတဲ့ ဓလေ့လေး ရှိတာ ထင်ပါရဲ့။ အဝေးရောက်နေရင်လဲ လက်ဆောင်တစ်ခုခု ပေးပို့ပြီး ကန်တော့တတ်ကြတယ်။ ဒီအစဉ်အလာက ပွဲတော်မို့ လက်ဆောင်ပေးတာ သက်သက်ထက် အဓိပ္ပါယ် ပိုပါတယ်။ အတူ ယှဉ်တွဲ ဆက်ဆံ ပေါင်းသင်းနေကြတဲ့ လူတွေဆိုတော့ လောဘ၊ ဒေါသ၊ မောဟရဲ့ အထူ အပါးအလျှောက် ပြောမှား ဆိုမှားတာတွေ၊ စိတ်နှင့် ပြစ်မှားမိတာတွေက အနည်းနှင့် အများတော့ ရှိတတ်ကြပါတယ်။ ဒါမှ မဟုတ်ရင်လဲ သံသယဖြစ်တတ်ကြပါတယ်။ အဲဒီလို နည်းနှင့် ကိုယ့်ထက် အသက် ဂုဏ်ဝါ ကြီးတဲ့ သူတွေကို ပြစ်မှားမိရင် ခွင့်လွှတ် ကျေအေးဖို့ တောင်းပန် ကန့်တော့ကြတာပါ။ 

လူငယ်ကသာ မဟုတ်ပါဘူး။ လူကြီးတွေဟာလဲ အလားတူ ပြစ်မှား မိတတ်ကြတာပါပဲ။ ဒါကြာင့်မို့ ကန်တော့ခံကြတဲ့  လူကြီးတွေကိုယ်တိုင်ကလဲ သူတို့တွေ အကယ်လို့ ပြောမှား ဆိုမှား ပြုမိမှား ရှိခဲ့ကြရင်လဲ ခွင့်လွှတ်ကြပါလို့ လူငယ်တွေကို  ပြန်ပြီး တောင်းပန်ကြလေ့ ရှိကြတာပါ။ 

စိတ်ထား နူးညံ့ သိမ်မွေ့တဲ့၊ ရိုးရာ အစဉ်အလာလဲ ကောင်းခဲ့၊ ထိမ်းလဲ ထိမ်းသိမ်းတဲ့ အိမ်တွေမှာဆို မိဘတွေကို မိသားစုဝင်တွေအားလုံး စုံစုံ ညီညီ လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ ရှိခိုး ကန်တော့တဲ့ ဓလေ့ ရှိတတ်ကြတယ်။ တစ်ချို့ဆို အစ်ကိုကြီး အမကြီးတွေကိုတောင် အစဉ်လိုက် ကန့်တော့တတ်ကြသေးတယ်။ သြော် တကယ်လဲ ကြည်နူးရတဲ့ ကာလနှင့် ဓလေ့လေးပါပဲနော်။ 

လူသားတွေသာ မကပါဘူး။ သီတင်းကျွတ် လပြည့်နေ့မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတော်ကြီးတွေလဲ “ပဝါရဏာ ကံ” ပြုကြပါတယ်။  

ပဝါရဏာ ဆိုတာက “ဖိတ်မံတက ပြုခြင်း (invitation) လို့ အဓိပ္ပါယ် ရပါတယ်။ ဝါကျွတ်တဲ့ အဆုံးမှာ လုပ်တဲ့ ပွဲတစ်ပွဲလို့ ဆိုလို့ ရကောင်းပါတယ်။ ပွဲဆိုလို့ တီးတာ၊ မှုတ်တာ၊ ကတာ၊ ခုန်တာမျိုးတွေ လုပ်တဲ့ ဒါမှမဟုတ် အဲဒါမျိုးတွေ ရောယှက်ထားတဲ့ ပွဲတော့ မဟုတ်ပါဘူး။ နယ်ပယ် အလိုက် ဆိုင်ရာ ဆိုင်ရာ သံဃာတော်များ အားလုံး စုစည်းပြီး ဖိတ်မံသမှု ပြုရတဲ့ ပွဲပါ။  

ရဟန်းဖြစ်စေဦးတော့၊ လူဆိုတာ တစ်ယောက်တည်း နေတဲ့အမျိုး မဟုတ်ပါဘူး။ အများနှင့် နေပြန်တော့လဲ ပြဿနာဆိုတာ အနည်းနှင့် အများတော့ ဖြစ်တတ်တယ်လေ။ သိတယ် မဟုတ်လား။ လူဆိုတဲ့ အမျိုးက တစ်ယောက်ထဲ နေတာတောင် သူ့စိတ်နှင့်သူ ရှေ့စိတ်နှင့် နောက်စိတ် တည့်ချင်မှ တည့်တတ်တာမျိုးပါ။ အများနှင့် ဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူး။  

ဒီတော့ ညီညွတ်အောင် စကားမပြောပဲ နေမယ်ဆိုတော့လဲ မဖြစ်ပါဘူး။ လူ့သဘာဝနှင့်လဲ ဆန့်ကျင်ပါတယ်။ ဒါကြောင့်လဲ ညီညီ ညွတ်ညွတ် နေစေဦးတော့၊ စကားမပြောပဲ ညီညွတ်အောင် နေတာမျိုး၊ လိုအပ်တာလောက်ပဲ လက်ဟန် ခြေဟန်နှင့် စကားပြောတာမျိးက အကောင်းဆုံး နေခြင်းမျိုး မဟုတ်ပါဘူး။ ဘုရားရှင်ကလဲ မကြိုက်ပါဘူး။ ကဲ့ရဲ့တော်မူပါတယ်။ ကောင်းကောင်းမွန်မွန် ရိုးရိုးသားသား နေတာတောင် စကား မပြောပဲ နေကြလို့ “နွား၊ ဆိတ်၊ ရန်သူတို့ရဲ့ နေခြင်းမျိုးနှင့် နေကြတယ်” လို့ ခိုင်းနှိုင်းပြီး ကဲ့ရဲ့တော်မူခဲ့တာပါ။   

ပြောစရာ ရှိတာ ပြော၊ လုပ်စရာ ရှိတာ၊ လုပ်သင့်တာ လုပ်ရမှာပါ။ ဒီလို ပြောဆို လုပ်ကိုင်ပြန်တော့ အမှားအယွင်းတွေက ကြုံကြရ၊ ကြားကြရ ပြန်ပါတယ်။ ဒါမှမဟုတ် သံသယ ဖြစ်လာကြရပါတယ်။ ရလဒ်ကတော့ အနည်းနှင့် အများ စိတ်ဝမ်းကွဲကြရတယ်။ မမေးနိုင် မခေါ်နိုင်တွေ ဖြစ်ကြရတယ်။ ရန်သူတွေ ဖြစ်ကုန်ကြတယ်။ ဒီတော့ အတူနေသူ အားလုံး အပြန်အလှန် နားလည်ဖို့၊ အပြစ်ရှိရင် တောင်းပန်ဖို့နှင့် တောင်းပန်ခံရတဲ့ သူတွေကလဲ ကျေအေး ခွင့်လွှတ်ဖို့ လိုပါတယ်။ အဲဒီတော့ အချင်းချင်း ပွင့်ပွင့် လင်းလင်း ဖိတ်ကြားထားဖို့ လိုတာပေါ့။  

ရဟန်းတော်တို့ရဲ့ ဝိနည်းမှာတော့ ဖိတ်ကြားမှုကို (၁) အချင်းချင်း လိုက်လျောစေ (ညီညွတ်စေ)ရန်၊ (၂) အာပတ်မှ ထမြောက်စေရန်၊ (၃) ဝိနည်းကို ရှေးရှုစေရန်ဆိုတဲ့ ရည်ရွယ်ချက် သုံးမျိုးနှင့် လုပ်တာပါ။

ဖိတ်ကြားပုံကတော့ ပါဠိလို “သံဃံ ဘန္တေ ပဝါရေမိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ။ ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ။ ပဿန္တော ပဋိကရိဿာမိ” လို့ သုံးကြိမ် လျှောက်ကြား ဖိတ်မံရတာ ဖြစ်ပါတယ်။ “အရှင်ဘုရား (တို့)၊ သံဃာတော်ကို တပည့်တော် ဖိတ်ကြားပါတယ်။ မြင်ခြင်း၊ ကြားခြင်း၊ သံသယဖြစ်ခြင်းများ ရှိခဲ့ပါလျှင် တပည့်တော်ကို သနားသဖြင့် ပြောဆိုကြပါ။ အပြစ်ကို မြင်လျှင် ကုစားပါမယ်ဘုရား” လို့ အဓိပ္ပါယ် ရပါတယ်။

ဒါကို အတုယူပြီး မိဘ ဘိုးဘွား စတဲ့သူတွေကို ရှိခိုးပြီး တောင်းပန်ကြတဲ့ ဓလေ့ ဖြစ်လာလေသလားလို့ စဉ်းစားမိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ၊ ဒီဓလေ့လေးက အရမ်းကို ကောင်းတယ်ဆိုတာကတော့ သေချာပါတယ်။ ဒါကြောင့်လဲ လူမှုအသိုင်းအဝန်းမှာ ကျယ်ကျယ် ပြန့်ပြန့် ပျံ့နှံ့စေချင်ပါတယ်။  

ဘယ်အသိုင်းအဝန်းမှာပဲ ဖြစ်ဖြစ်၊ ဘုံရည်မှန်းချက် ရှိမယ်။ အဲဒီ ရည်မှန်းချက် ပန်းတိုင်ကို တစ်စိတ်တည်း တစ်ဝမ်းတည်း အတူ လက်တွဲ လုပ်ဆောင်ကာ နေကြမယ်။ ချီတက်ကြမယ်။ ဘယ်သူမှ လောဘ၊ ဒေါသ၊ မောဟကို အခြေမခံကြစတမ်းပေါ့။ အရပ်ပြောပြောတော့ အားလုံး မညစ်ပတ်ကြစတမ်း။ လုံးဝ ရိုးသား ဖြူစင်မှုကို အခြေခံရမယ်ပေါ့။  

ဒါထဲကမှ အမှားလုပ်မိတာကို မြင်လို့ပဲ ဖြစ်ဖြစ်၊ ကြားလို့ပဲ ဖြစ်ဖြစ်၊ သံသယရှိရင်ပဲ ဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ပြောကြစတမ်းပေါ့။ ပွင့်ပွင့်လင်းလင်း ပြော ဆိုပေမဲ့ အကျိုးလိုလားစိတ်နှင့် ပြောဆိုရမှာပါ။ အဲဒီလို ပြောလာရင် လက်ခံပြီး ပြင်ပါ့မယ်လို့ ဖိတ်ကြားရမှာပါ။ အားလုံး ဒီလို စိတ်နှင့်ချည်း နေကြရင် ညီညွတ်မယ်။ ညီညွတ်ရင် ချမ်းသာမယ်။ ချမ်းသာရင် အလုပ်ကို အာရုံစိုက်ပြီး လုပ်နိုင်မယ်။ အဲဒီလို လုပ်နိုင်ရင် ရည်မှန်းချက် ပန်းတိုင်ကို ချမ်းချမ်းသာသာ ချောချော မွေ့မွေ့နှင့် ရောက်မယ်ဆိုတာကြီးက အသေအချာကြီးပါ။  

မိသားစု တစ်ခုထဲမှာတောင် တစ်ယောက်နှင့် တစ်ယောက် အထင် လွဲတတ်ကြတယ်။ မိဘတွေက အစိုးရိမ် လွန်ပြီး ဒေါသတွေ ပေါက်ကွဲ၊ လိုအပ်တာထက် ပိုပြီး ပြောဆိုမိ ဆုံးမမိတတ်တယ်။ သားသမီးတွေက မိဘ စကားကို နားမထောင်၊ မလိုက်နာတာမျိုး၊ မကြားချင် မမြင်ချင်ယောင်ဆောင်တာမျိုး စတဲ့ တစ်ခုခုနှင့် ပြစ်မှားမိတတ်တယ်။ အပြန်အလှန် အထင်လွဲတာ၊ စိတ်ကောက်တာ၊ ရိုင်းရိုင်းစိုင်းစိုင်း ပြစ်မှား ပြောဆိုမိတာတွေ ရှိတတ်ကြပါတယ်။ ဒါကလဲ လူ့သဘာဝပါပဲ။ ဒါတွေကို ဖုံးကွယ် မထားပဲ ပြောဆိုဖို့ ရင်ထဲက တကယ့် စေတနာနှင့် ဖိတ်တယ် ဆိုတာ အင်မတန်မှ လေးနက် သိမ့်မွေ့ပြီး ချစ် မြတ်နိုးဖွယ်ရာပါ။  

မိဘနှင့် သားသမီးသာမက၊ ဆရာနှင့် တပည့်၊ ခင်ပွန်းနှင့် ဇနီးသည်၊ မိတ်ဆွေ၊ ဆွေမျိုးသားချင်းနှင့် အိမ်နီးနားခြင်း၊ အလုပ်ရှင်နှင့် အလုပ်သမား၊ ဆရာနှင့် ဒကာ၊ ပြည်သူနှင့် အစိုးရ စတဲ့စတဲ့ အချင်းချင်း ဆက်စပ် ပတ်သက်နေတဲ့ အသိုက်အဝန်းအားလုံးဟာ အတူတူပါပဲ။ တကယ် မှားတာတွေ ရှိမယ်။ အမှားလုပ်တယ်လို့ မြင်တာ၊ ကြားတာ၊ သံသယဖြစ်တာတွေ ရှိမယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ စေတနာဆိုးနှင့် မှားတာ မဟုတ်ရင် အပြုပြင် ခံနိုင်၊ ဝေဖန် ထောက်ပြ အကြံဥာဏ် ပေးတာကို ခံနိုင်ရမှာပေါ့။ အပြန် အလှန် တောင်းပန်၊ ကျေနပ် ခွင့်လွှတ် လက်ခံနိုင်ရင် အကောင်းဆုံးပါ။   

ဒီလိုသာဆိုရင် တကယ့် စိတ်ချမ်းမြေ့စရာ အကောင်းဆုံး၊ ပျော်စရာ အကောင်းဆုံး အသိုက်အဝန်း ဖြစ်လာမှာ သေချာပါတယ်။ ဒါကြောင့် အချင်းချင်း အပြစ်ကို ဖိတ်မံ၊ လက်ခံ၊ ကျေအေးကြတဲ့ ဓလေ့လေး လူမှု အသိုင်းအဝန်းမှာ ဆထက်ကဲပို ထွန်းကားလာစေချင်တယ်။ ထွန်းကားလာပါစေလို့လည်း အလေးအနက် ဆန္ဒပြုလိုက်ရပါတယ်။ 

အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ။ 

ဘုန်းဥာဏ် 
Mumbai, India 
19/10/2010

Oct 7, 2011

အိပ်မက် ကမ္ဘာထဲက မင်းကြီး သုဒ္ဓေါ


လာရောက် အားပေး ဖတ်ရှုကြသည့် လူများ များလာခါမှ ပို့စ် အသစ် ပုံမှန် မတင်နိုင် ဖြစ်နေသည်။ အချို့ မိတ်ဆွေများလည်း Archive မှ ပို့စ် အဟောင်းများကို မွှေနောက် ဖတ်ရှုပြီးနေလောက်ပါပြီ။ သည့်အတွက် အမှန်တကယ် စိတ်မကောင်း ဖြစ်မိပါသည်။ သို့သော် ဖတ်ရ မှတ်ရများလှသည့် မိမိ၏ ပင်မ အလုပ်က ရှိနေသည့် အပြင် အရေးကြီးသည့် အချိန်သို့ပါ ရောက်နေသဖြင့် ပထမဆုံး ဘလောဂ်ဖက် သိပ် မလှည့်နိုင် ဖြစ်သွားခဲ့သည်။ နောက်တော့ အင်တာနက်နှင့်ပါ ခပ်စိမ်းစိမ်း နေရသည့် အခြေသို့ ဆိုက်လာသည်။ ဒီတော့ အသစ်ရေးတင်ဖို့ ပိုလို့ပင် ခက်ခဲပြန်သည်။ 

တကယ်ဆို စာဖတ်သူများနှင့် မျှဝေကြည့်ချင်သည့် အကြောင်းအရာများ အတော်များများ ရှိပါသေးသည်။ အချို့မှာ စိတ်ဝင်စားဖွယ် အကြောင်းအရာများ ဖြစ်မည်ဟု ယုံကြည်ပါသည်။ သို့သော် မရေးဖြစ်သေး။

အင်တာနက်နှင့် တစိမ်းပြင်ပြင် ဖြစ်နေပေမဲ့ အတတ်နိုင်ဆုံး ရေးတင်ဖြစ်အောင် လုပ်ဦးမည်ဟု တွေးမိသည်။ (ကတိပေးခြင်းတော့ မဟုတ်ပါ။) 

နက်နှင့် ခဏတာ ပြန်ဆုံခိုက် ဘာအကြောင်း ရေးရမည်လဲဟု တွေးမိစဉ် ဆက်မရေး ဖြစ်သော ဘုရားဖူး ခရီးစဉ်အကြောင်း ပထမဆုံး သတိယမိသည်။ ဆက်ရေးမည်ဆိုလျှင် တောထွက် ဒုက္ခရစရိယာ ကျင့်သည့် နေရာ စသည်တို့ကို ရေးသင့်သည်။ သို့သော် အရန်သင့် မဖြစ်လှ။ ပြတ်နေတာ ကြာခဲ့ပါပြီ။ သို့ဖြင့် ယင်း ခရီးစဉ် အဆက်အတွက် ပြန်နွှေသည့် သဘောမျိုး စာ ခပ်တိုတို တစ်ပုဒ်ကို ရေးဖွဲ့ကာ တင်လိုက်ရပါသည်။

အိပ်မက် ကမ္ဘာထဲက မင်းကြီး သုဒ္ဓေါ
မွေးကင်းစ သိဒ္ဓတ္ထ မင်းသားလေး၏ ခန္ဓာကိုယ်ပေါ်တွင် သုံးဆဲ့နှစ်ပါးသော လက္ခဏာတော်များ ပါလာသည်။ ခြေဖဝါးတော်လေးတွင်လည်း စကြာဘီးပုံပါ ပါလာသည်။ ထို့ကြောင့် မွေးပြီ မကြာမီ ပြုလုပ်သည့် အခမ်းအနားတွင် သားတော်လေးသည် စကြာဝတေးမင်း သို့မဟုတ် ဘုရား ဖြစ်မည်ဟု ပုရောဟိတ်တို့က  ဟောကိန်းထုတ်ခဲ့ကြသည်။ 

ခမည်းတော် သုဒ္ဓေါဓန မင်းကြီးသည် ဘုရားဆိုသည်ကို အသံသာ ကြားဖူးသည်။ လောကတွင် သုံးလောက ထွဋ်ထား မြတ်ဘုရား ပွင့်ထွန်းပေါ်ပေါက်မည်တဲ့ ဟူသော ကောလာဟလ စကားကိုသာ သူ ကြားဖူးသည်။ မြင်းဖူးခြင်း မရှိ။ သို့အတွက် ရေရေ ရာရာ နားလည်လှသည် မဟုတ်။ ဘုရားရှင်တို့၏ ဘုန်းကံ အတိုင်းအတာကို သူ မသိ။ ဉာဏ်တော် အနန္တသဘောကို သူ မရိပ်စားမိ။ တန်ခိုးတော် အနန္တဆိုသည်ကို သူ နားမလည်။ သို့ဖြင့် ဘုရားဆိုသော စကား၏ အဓိပ္ပါယ်ကို ပညာရှိ အမတ်ကြီးတို့ကို တင်လျှောက်စေ၏။ ဤအချက်တွင်တော့ သူတို့လည်း ထူးမခြားနားပါပေ။ နားလည်ရန်မှာလည်း မဖြစ်နိုင်။ နှစ်ပေါင်း အသင်္ချေ ကြာညောင်းမှ တစ်ခါ တစ်ရံသာ ပွင့်ပေါ်တော်မူတတ်သည့် ဘုရားမြတ်စွာ၏ ဂုဏ်ကို မည်သူက  နားလည် နိုင်မည်နည်း။ မင်းကြီးတို့ နားလည်သည်မှာ ဘုရင်ဘဝ၊ ဘုရင့်စည်းစိမ်၊ ဘုရင့် အသရေတော်သာ ဖြစ်သည်။ ထို့ကြောင့် သူက သားတော်လေးကို စကြာဝတေးမင်းသာ ဖြစ်စေချင်သည်။ 

မင်း ဖြစ်စေချင်သည့် အခြားသော အရေးကြီး အကြောင်း တစ်ရပ်ကလည်း ရှိနေပြန်သေးသည်။ ထိုအရေးကား မိမိအရေးမျှ မဟုတ်။ တစ်တိုင်းပြည်လုံး၏ အရေးလည်း ဖြစ်သည်။ တိုင်းသူ ပြည်သား အားလုံး၏ ကံကြမာလည်း မည်သည်။ အမဲစက် မထင်စေချင်သည့် ကပိလဝတ်၏ သမိုင်းလည်း ဟုတ်သည်။ တစ်ထွာမျှလောက်သော အမြင်၊ တစ်မိုက်မျှလောက်သာ နက်သည့် အကြံတို့ဖြင့် အဟုတ်ကြီး ထင်ကာ ထိုထို ဤဤ စိတ်ကူး ယဉ်နေခြင်း မဟုတ်။ နိုင်ငံ အရေး၊ သားတော် အရေးကို လေးလေးကြီး တွေး၊ နက်နက်ကြီး မျှော်ခေါ်စဉ်းစားကာ စကြာဝတေးမင်း ဖြစ်စေချင်နေခြင်း ဖြစ်သည်။

ကောသလနှင့် မာဂဓ နိုင်ငံတို့သည် မိမိတို့ ကပိလဝတ်နေပြည်တော်၏ အိမ်နီးချင်း နိုင်ငံများ ဖြစ်သည်။ ဤတိုင်းပြည် နှစ်ခုလုံးသည် ဖွံ့ဖြိုးတိုးတက်မှု ရှေ့တန်းရောက်နေပြီး စည်းပွားရေး  တောင့်တင်း ပြည့်စုံနေသည်။ တိုင်းပြည် အင်အား ရှိသဖြင့် သူတို့ စစ်တပ်များမှာလည်း အင်အား တောင့်တင်းသည်။ အင်အား တောင့်တင်းသည်နှင့် အမျှ နယ်ပယ်ချဲ့ထွင်မှုလည်း ပြုလုပ်နေကြသည်။ 

ဤအချိန်တွင် တိုင်းပြည် အင်အား ရှိဖို့ လိုသည်။ အင်အား တကယ် ရှိအောင် လုပ်နိုင်သူမှာ တိုင်းပြည်၏ ပကတိ အခြေအနေမှန်ကို သိမြင်၊ အနာဂတ်ကို ထွင်းဖောက် မြင်နိုင်ပြီး မှန်ကန်သည့် ဦးဆောင်မှု ပေးနိုင်သည့် ခေါင်းဆောင်ကောင်းသာ ဖြစ်သည်။ ယင်းခေါင်းဆောင်ကောင်း နောက်တွင် ညီညာ တက်ကြွစွာ လိုက်ပါ လုပ်ဆောင်ပါက တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာကာ အင်အား တောင့်တင်းလာမည်။ ယင်းသို့ ဆိုလျှင် အနီးအနားက နယ်ချဲ့ သြဇာချဲ့လိုသည့် နိုင်ငံများကို မှုစရာ မလိုတော့။ သို့မဟုတ်က အိမ်နီးချင်း အင်အားကြီး နိုင်ငံက ချော့တောင်း ခြောက်တောင်းသဖြင့်လည်း တိုင်းပြည် လုံးပါးပါးသွားနိုင်သည်။ အခြေအနေ ပေးချိန်တွင် တက်သိမ်းလာလျှင်လည်း တစ်ခါတည်း ကိစ္စချောနိုင်သည်။ သို့အတွက် မိမိနေရာ ဆက်ခံနိုင်မည့် ခေါင်းဆောင်ကောင်း လိုအပ်နေသည်။ 

ယင်းအတွက် အမွေဆက်ခံနိုင်မည့် သားတော် တစ်ပါး ဖွားမြင်ဖို့ စောင့်မျှော်နေခဲ့ရသည်။ ယခုတော့ သားတော် မင်းသားလေး မွေးဖွားခဲ့ပြီ။ လိုချင်နေသည့် ခေါင်းဆောင် ဖြစ်လာမည်ဟု မျှော်တွေး နေသည်။ ဤသို့သော အချိန်တွင် မျှော်လင့်နေသော ခေါင်းဆောင်မျိုး ဖြစ်လာမည်သာမက တစ်လောကလုံးကိုပင် တရားသဖြင့် အုပ်ချုပ် မင်းလုပ်နိုင်သည့် စကြာဝတေးမင်း ဖြစ်လာမည်ဟု ကြားသိရသဖြင့် ခမည်းတော် ဘုရင်ကြီးမှာ ဝမ်းသာတော်မူလှသည်။

မင်းသားလေး ပညာသင်ယူသည့် အရွယ် ရောက်လာသော အခါ အံ့မခန်း အရည်အသွေးများကို ရှုစားရပြန်သည်။ မင်းသားတို့ တတ်အပ်သည့် ဓားရေး လှံရေး၊ လေးမြား စသည့် အတတ်ပညာ အရပ်ရပ်တွင် ထူးချွန်လှသည်။ သူမတူသည့် အမြင် စူးရှမှု၊ ဖောက်ထွင်းသိမြင်နိုင်သည့် ဉာဏ်ရည် ရှိသည်။ ဥပဓိရုပ် ခန့်ငြား ချောမောသလောက် အရည်အချင်းမှာ တောက်ပြောင်လှသည်။ ဤလို သားတော်မျိုးကို ရသဖြင့် ဝမ်းမြောက်ကြည်နူး၍ မဆုံးနိုင်တော့။ တစ်တိုင်းပြည်လုံးလည်း အားတက်သရော ဖြစ်နေကြသည်။

 အရည်အသွေး တောက်ပြောင်သလောက် အခြားတစ်ဖက်တွင်မူ အစွန်းတစ်ခုက ရှိနေပြန်သည်။ ယင်းကား ဘဝကို ငြီးငွေ့ကာ တောထွက်သွားမည် ဆိုသည့် အချက်။ သားတော်လေး ဘုရားဖြစ်လို့ မဖြစ်ဘူး။ စကြာဝတေးမင်း ဖြစ်ကို ဖြစ်ရပေမည်ဟု မျှော်လင့်ချက်နှင့် စိုးရိမ်မကင်းမှုတို့ ရောထွေးယှက်တင်နေသည့် အတွေးမျိုး ဘုရင်ကြီး မကြာခဏ တွေးနေခဲ့သည်။ 

တွေးပါများသဖြင့် နည်းလမ်းများကိုလည်း ကြံဆမိလာသည်။ သားတော်ထံ စကြာရတနာ ဆိုက်မည့် အချိန်ထိ အချိန်ဆွဲရမည်။ ထက်မြက်သည့် သားတော်ကို အခြားနည်းဖြင့် အချိန်မဆွဲနိုင်။ ချမ်းသာ သုခ တောအုပ်တွင်းသို့ မသိမသာ ခေါ်ဆောင်ပြီး သူ့အလိုလို ရစ်မူးစေကာ အချိန်ဆွဲရပေမည်။ ထိုခေတ်၏ ဓလေ့ထုံးစံ ဖြစ်သည့် လက်ထပ်နိုင်သည့် အရွယ်တော် ရောက်လျှင် ရောက်ခြင်း တည်ကြည် ချောမော ပြေပြစ်လှသည့် ယသောဓရာ မင်းသမီးလေးနှင့် လက်ဆက်ပေးလိုက်သည်။ ယင်းနောက် နန်းစည်းစိမ်ကို လွှဲအပ်သည်။

သို့သော် သည်မျှနှင့် မပြီးသေး။ သားတော်လေးကို မည်သို့သော ဆင်းရဲခြင်းမျိုးမျှ ထိတွေ့ ခံစားရခြင်း မဖြစ်ပေါ်အောင် စီမံပေးရမည်။ သားတော် ပျော်ရွှင် ချမ်းမြေ့စွာ စံပယ်ဖို့ ဥတု သုံးလီနှင့် လိုက်ဖက်မည့် စံနန်းဆောင် သုံးဆောင်ကို ဆောက်လုပ်စေသည်။ ချောမော လှပ ယဉ်နု ကြွရွသည့် ရုပ်ရည်ပိုင်ဆိုင်သည့် အပြင် အရွယ်ပါ ပြည့်စုံသည့် မောင်းမ မိဿံတို့ကို ခစား လုပ်ကျွေးစေရန် စီမံထားသည်။ 

ထို့ပြင် ဘဝကို ငြီးငွေ့စေနိုင်၊ သံဝေဂ ရစေနိုင်သည့် မည်သည့် အရာ၊ မည်သို့သော သူကိုမျှ မမြင်ရ မကြားရစေရန် စီမံပြန်သည်။ ထို့အတွက် နန်းတော် အနီးအပါးတွင် လူအို၊ လူနာ၊ လူသေများ မကပ်ရောက်နိုင်ရေး အလေးပေး ဆောင်ရွက်သည်။  ကပိလဝတ်ပြည့်ရှင်သည် သားတော် တောမထွက်ရေး အလေးပေး ဆောင်ရွက်ရင်း သူ့ မူလ စိတ်ထားနှင့် ဆန့်ကျင်ဘက် အဓမ္မပြောင်းရွှေ့မှုများကိုပင် ပြုမိလာသည်။ သို့သော် မတတ်နိုင်ခဲ့ပြီ။ သူအို သူနာ သူသေတွေကို မြင်ရသဖြင့် ဘဝ၏ မသာယာဖွယ်၊ မကျေနပ်ဖွယ် သဘော၊ မပြည့်စုံ၊ အစိုးမရသည့် အဖြစ်တို့ကို စဉ်းစားတွေးတောမိကာ မင်းသားလေး တောထွက်သွားသော် ခက်ရချေတော့မည်။

ဘဝစည်းစိမ်ကြောတွင် မျောနေ မြုပ်နေစေရန် စီမံလွန်းလှသဖြင့် မင်းသားလေးမှာ စည်းစိမ်ကြားတွင် ပိတ်မိနေသည်။ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက် စူးရှလှသော်လည်း လောက၏ တကယ့် သဘောသဘဝများနှင့် ကင်းကွာလာသည်။ သို့သော် အိပ်မက် ကမ္ဘာထဲ မျော်ပါနေသည့် ခမည်းတော် ဘုရင်ကြီးမှာ မှတစ်ပါး ရွေးချယ်စရာ မရှိရကား မတတ်နိုင်တော့ပြီ။ မင်းကြီး သုဒ္ဓေါကား ”အားထားရမည့် သားတော် မင်းသားလေး အတွက် ရတနာမျိုးစုံ ချယ်သထားပြီး တစ်လောကလုံးကို စိုးမိုးနိုင်ခြင်းဖြင့် အနားသတ်ထားသည့် စကြာမင်း အနာဂတ်ကား မဝေးလှတော့ပြီ”ဟူသော သူ၏ အိပ်မက် ကမ္ဘာတွင် အိပ်မောကြကောင်းနေဆဲ ဖြစ်တော့သည် ။

ဘုန်းဉာဏ်